ပြီးပြည့်စုံတဲ့သစ္စာတရားနဲ့  ကျွန်တော်ထိတွေ့ ချင်တယ်
မေမေ ကျွန်တော်က ကဗျာဆရာ
ကမ္ဘာတွေရေးရေးနေလို့
လူတွေနဲ့ ဝေးသွားသလားဆိုတာ
ကျွန်တော့်အသိဥာဏ်ထဲမှာ လိုက်ရှာတယ်
အထပ်လိုက် အထပ်လိုက်
လူ့ဘ၀ဆိုတာ မွေ့ပျော်ရွံရှာဖွယ်အတိလား
တွေဝေညှင်းသက်ရာ ခံစားမှုလား
အခု ဘာမှမသေချာတော့ဘူး
ကျွန်တော့်ခန္ဓာမှာ
အိမ်ဝေးနာနဲ့ အထီးကျန်ဆန်မှု
နည်းပညာနဲ့ ကုလို့မရတဲ့ရောဂါ
တရားလွန်ရှေးရိုးဆွဲများ
ဘယ်ဘာသာစကားနဲ့ ပြောရမလဲ
ရန်ကုန်ရဲ့  ရသအကြောင်း
မေမေမရှုရှိုက်ဖူးတဲ့ အထပ်မြင့်တိုက်ခန်းတွေအကြောင်း
အဆိုးထဲက အကောင်းမြင်ပါ
ကျွန်တော်ဟာ ကဗျာဆရာ
ကမ္ဘာအကြောင်း တစေ့တစောင်း
ဖင်ပုတ် ခေါင်းပုတ် စိတ်သိပ်ရှုပ်တယ်
ဂယက်ထဲမှာ ၀ဲလည်။
တစ်နေ့တစ်နေ့
ကျွန်တော်ရတဲ့ ငွေကြေး
မသေချာသေးတဲ့ ကဗျာရေးတွေ
တန်ရာတန်ကြေး အဆုံးစွန်ဝါဒ
အားလုံးရှိပြီး အားလုံးမသိမှု သိမ်ငယ်
နောင်နှစ်ပေါင်း တစ်ရာ
ကဗျာတွေ တဟုတ်တိုး ထွန်းကားလာရင်
လူငယ်တွေ ကြယ်တွေက
၂၁ ရာစုကဗျာတွေထဲက ကျွန်တော့်ကမ္ဘာ
ခေတ်ပေါ် ကဗျာလို့ သတ်မှတ်ရင်
ဒါမှမဟုတ် ကဗျာသမိုင်းကိုကြည့် အရှက်ရမိရင်
ကျွန်တော့်သမိုင်းကို ကျွန်တော် ဘယ်လိုရေးရမလဲ...။
ကသိကအောက် စိတ်ကူးများနဲ့
အမှန်တရားများကို ဖော်ထုတ်ပြောတတ်သူ
မသေချာခြင်းများကို ဖွဲ့ နွဲ့ မိသူ
ကျွန်တော်သိပ်မှားသလား မေမေ
ခုနေတော်တော်ကြာ
သွားရမယ့် အရပ်က ဒီလို ဒီပုံအတိုင်း
ရူးသွပ်ခြင်းကိုသာ တငွေ့ငွေ့ခံစားလို့ 
မီးထက်ပူသောမီးကို
ကျွန်တော်ရှာဇွေတွေ့ ရှိမိလေသလား
လွင့်ထွက်လာတဲ့ အပြုသဘောတွေက
နောက်ဆုံးမှာ ဘာမှမတတ်နိုင်ခြင်းလား
ခေတ်ရေစီးက သိပ်ထွားတယ်..။
လူတွေရဲ့ ပြုံးနေတဲ့မျက်လုံးများ
ကိုးရီးယားရုပ်ရှင်တွေမှာ သိပ်ခေတ်စားတာပဲ
အချစ် အနှစ်နဲ့ ရင်ခုန်ရစ်ရတဲ့ အရသာ
သစ္စာတရားကို မထိစမ်းနိုင်လို့
ဘာသာတရားအလို မေတ္တာထားတယ်
ကျွန်တော်ချစ်ခဲ့တဲ့ က္ကုထိလိင်များ
ကမ္ဘာမဆန်မှုဟာ သွေးသားထပ်တူ
သူတို့ရဲ့  အပြုအမူခပ်များများ
အပေါစားဝတ္ထုဖတ်လိုက် ဖက်ရှင်လုပ်လိုက်
တစ်ယောက်ခံစားမှုမှာ တစ်ယောက်စစ်ပွဲဆင်လိုက်
အချစ်ဆိုတာ ငွေကြေးလို
ပြိုင်ဆိုင်စရာ ဂုဏ်ဒြပ်တစ်ခုလို
မေတ္တာရေးရဲ့  မြင့်မြတ်မှုက
ဘယ်တော့မှ မတွေ့ရှိနိုင်တော့တဲ့ ဒဏ္ဍာရီလို
ကျွန်တော်ကလည်း ခက်တယ်မေမေ
မိန်းကလေးတွေ ခေတ်ထဲစီးဆင်းဖို့လိုလားပြီး
မြင့်မြတ်တွေးခေါ်မှုကို နှစ်ခြိုက်
သူတို့ကလည်း မမိုက်ဘူး
စိတ်လိုက် ကိုယ်ပါ
ကျွန်တော်က အမှုန်အမွှားသာသာဖြစ်တည်မှုပါ
မော်ဒန် ပို့(စ်)မော်ဒန်ကို အသေးအဖွဲလေးနားလည်သူ
ခံစားချက်နဲ့ ကမ္ဘာကျယ်ခဲ့သူ
အပယ်ခံလူ......
တစ်လောကလုံး အူတိုင်အထိ ပုတ်ရိပျက်ဆွေးနေတော့
ဘယ်လိုဆက် အသက်ရှင်ရမလဲ
ဝေနေတဲ့ပန်းများလည်း အသုံးမ၀င်တော့
လင်းလက်နေတဲ့ လျှပ်စီးများလည်း မလှပတော့
ပြာကျလောင်မြိုက် အမှောင်တိုက်
ပိတ်ထားတဲ့ တံခါးတွေပြန်ဖွင့်ဖို့
ဘယ်နည်းပညာတွေ တိုးတက်စေရမလဲ
အသေးစားနာနိုတွေလား
နယူးကလီးယား စွမ်းအင်တွေလား
ကျွန်တော်ဘာမှ မလိုချင်ဘူး
ဟောဒီလို ရိုးရိုးရဲရဲ ပွင့်နေတဲ့စိတ်
ပေါ်ပေါ်လာနေတဲ့ အလင်း
အမှောင်ကိုခွင်းပါ အမှန်တရားမှာ စမ်းသပ်ပါ
သိပ်ကြာလာရင် ရက်လွန်ကုန်မယ်
အတွင်းထိလှိုက်စားလာမယ်
အနံ့ဆိုးတွေ ထွက်လာမယ်
ကျွန်တော်ဘာများတတ်နိုင်မလဲ မေမေ
ကျွန်တော့်နယ်ပယ်တွေ သိပ်ကျဉ်းလို့
သစ်ပင်တွေလည်း မစိုက်နိုင်ဘူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း မလုပ်နိုင်ဘူး
အရူးမီးပတ်လည်...
မျဉ်းတွေရဲ့  ကွေးကောက်မှု ထူမှုပါးမှုတွေကို ခံစားချင်တယ်
ဘ၀က အထူအပါးလိုတယ်
အသက်ဆက်ရှင်သန်ဖို့
အ၀န်း အ၀ိုင်း အလုံးလည်ပတ်နေသောသံသရာ
စိတ္တဇမှာ ဒြပ်မဲ့ပန်းချီလိုစွဲထင်
မြင်တွေ့နေရတဲ့ မသေချာအရောင်အဆင်း
ကိုယ့်ကိုကိုယ် အရောင်အသွေးစပ်ကြည့်တယ်
ကူပြောင်းပုံ ရှုပ်ထွေးပွေလီ
သိပ်ကြောက်ဖို့ကောင်းတယ်
တစ်ရောင်ကနေ တစ်ရောင်သို့
ကူးလူးယှက်နွယ် ကသောင်းကနင်း
ကျွန်တော် မလွယ်တော့ဘူး မေမေ
ကြေမွနေတဲ့ စုတ်ချက်များလို
တစ်ဖက်ကမ်းခတ် ရူးကျားကျား
အလင်းလား အမှောင်လား
စစ်မှန်သော အမှန်တရားတစ်ရားတစ်ခုနဲ့ တွေ့ချင်တယ်
နဖူးတွေ့ ဒူးတွေ့....
ကောက်ကြောင်းကွေး လိမ်ညာမှုတွေ
ဖြောင့်လိုက် ကောက်လိုက် ကွေးလိုက်
စောင်းလိုက် တည့်လိုက် ပြတ်လိုက်
ပန်းအိုးပေါ်မှ ပန်းများ
အရောင်လှုပ်ခတ်မှုဟာ မငြိမ်းချမ်းတော့
အပြာရောင် အင်ပရက်ရှင် လှိုင်းလုံးများ
တ၀ုန်းဝုန်း တဒိုင်းဒိုင်း လျှပ်ပန်းနွယ်
နေရောင်စီးဆင်း အတုအယောင်ပုံတူ
ရှင်သန်မှုကို ဘယ်မှာ ယုံယုံကြည်ကြည် အပ်နှံလို့ရမလဲ
လွတ်လပ်မှုကို ဘယ်အရောင်နဲ့ ရှာဖွေလို့ရမလဲ
တစ်ကြောင်းဆွဲ လိုင်းတွေအတိုင်း
အပိုင်း/ အပိုင်း /အပိုင်း
အပစ်အခတ်များနဲ့ ကမ္ဘာကမတည်ငြိမ်ဘူး
ကျွန်တော်ဒီအကြောင်းတွေ ခေါင်းစဉ်တပ်တော့
"ကမ္ဘာအ၀လွန်ရောဂါ"
"လှလို့ ၀လို့ ကမ္ဘာတွေ"
ပြဿနာ ပြဿနာ ပြဿနာ
တစ်ချက် နှစ်ချက် သုံးချက် အစရှိသဖြင့်
ပန်းချီကား တစ်ချပ်ပြီးသွားတယ်
လူတွေသိပ်မသိဘူး သိတဲ့လူခေါင်းတခါခါ
သနားလိုက်တာကွာဆိုတဲ့ မျက်လုံးမျိုး
ကင်းဘတ်တစ်ခုလုံး အရောင်စပ်တယ် ဘောင်ခတ်တယ်
ကျွန်တော်ထင်တယ်မေမေ
သေတော့မသေချာ
ဘ၀ဆိုတာ ဝေဒနာ...။
အကုန်လုံးမသိချင်ဘူး အကုန်လုံးသိချင်တယ်
ကွန်ယက်တွေနဲ့ ရွာဖြစ်သွားတဲ့ကမ္ဘာ
အဖြစ်အပျက်တွေစုစည်း
တစ်နေရာတည်းမှာ စင်္ကြာသဠာ
အင်တာနက် အီးမေးလ်
ဆိုက်ဘာကဖေး ယဉ်ကျေးမှု
ဒီသတင်းတွေကို ကျွန်တော်ဘယ်လိုပြုစုမလဲ
ကဗျာဆိုတာ
လောကရဲ့  မထိစမ်းနိုင်တဲ့ စိတ္တဇနာမ်လို
မှန်လုံခန်းထဲက ဖက်ရှင်ပစ္စည်းလို
ဘုရားသခင်ချီးမြှင့်တဲ့ ဆုလာဘ်တော်လို
အနာဂတ်ကလဲ စစ်တလင်းတစ်ခုလို
ရိုးသားမှုဟာ ဘုရားဟောထဲမှာပဲ ရှိခဲ့သလိုလို
ကျွန်တော့် ကမ္ဘာ......
နာကျင်စွာ နာကျည်းစွာ လူ့ ဂွစာ
ဟားတိုက်ရယ်......
မေမေ ကျွန်တော်စဉ်းစားမိတယ်
ကျွန်တော်ဟာ လောဘမီးမှာ ကျင်လည်ခဲ့သူလား
အဆိုးမြင်ဝါဒီမှာ တဖတ်ကမ်းခတ်တော်သူလား
ရောင့်ရဲတင်းတိမ်မှုမှာ အသားမကျခဲ့သူလား
ဘာသာစကားမှာ လမ်းမှားခဲ့သူလား
ရွေးခဲ့တဲ့ သင်္ကေတ နိမိတ်ပုံ ကာရန် ရစ်သမ်
ဘယ်တော့မှ ပြန်မကြိုက်နိုင်တော့တဲ့
ကိုယ်တိုင်ရေးကဗျာ
ကွာရှင်းမရတဲ့ မိန်းမလိုဖြစ်နေတော့
ဆုပ်လည်းစူး စားလည်းရူး
အဆီတ၀င်းဝင်း သဲတရှပ်ရှပ်
ရေးသားချက်ကို ဘယ်လိုဆက်ရမလဲ....။
ကျွန်တော်ဖြတ်သန်းခဲ့သော နေ့စဉ်ရက်ဆက်များ
တစ်နေရာမှ တစ်နေရာ ရွေ့ လျား
ကြားတောင်ကြော ပုံတောင်ပုံညာ
ခရီးသံသရာက ဒီလိုပဲ အတက်အဆင်းများသလား
မှုန်ဝါးဝါး
ဝါးနေတဲ့ အမြင်
အသွင်အပြင်မတူ ယဉ်ကျေးမှု
စုတုပြုရတာလဲ မကောင်းဘူး
အရူးအမူးနဲ့ ကျွန်တော့်ကမ္ဘာ.....။
ဟုတ်တယ်မေမေ
ကျွန်တော်ဟာ ကဗျာဆရာ
ရူးသွပ်ခြင်းမှာ ကျွန်တော့်အက္ခရာတွေ အဆုံးမရှိ
အသိ အသိ အသိ
သုညထက် သစ္စာရှိတဲ့ အနုပညာ
သေချာမှုမရှိတဲ့ ဂဏန်းသင်္ချာ
ခေတ်ထဲကို တိုးဝင်တယ်
အလဲ အကွဲ
သင်ယူခဲ့သော စာသားများ
မှန်ကန်ကြောင်းပြဆိုမှုမရှိလို့
အမှန်တရားကို ဘယ်မှာရှာရမလဲ
ရှိရှိသမျှ ကျွန်တော်မယုံတော့ဘူး
ဒါပဲတွေးစမ်းပါဆိုတာမျိုး အလိုမရှိတော့ဘူး
အဝေးကို တွေးတဲ့လူမိုက် သိပ်ကိုမိုက်ပါတယ် မေမေ.....
ကိုယ့်စိတ်နဲ့ကိုယ် တိုက်ရတာလည်း ကြိုက်ပါတယ် မေမေ.....။
၂၀၁၂
ဘ၀အကြောင်း တစေ့တစောင်း
ကျွန်တော်ဟာ မပြောင်းလဲတဲ့ သတ္တ၀ါ
ရန်ကုန်မှာ
အသက်ရှုကြပ်လာတယ် အနေရခက်လာတယ်
ဝင်္ကပါအလယ်
ကျွန်တော်မေမေ့ဆီ ဖုန်းခေါ်တော့
" လူကြီးမင်းမှာ ပိုက်ဆံမရှိပါသောကြောင့်
ခေါ်ဆို၍မရနိုင်ပါရှင်"
အဲသည်လို ငွေရေးကြေးရေး အလေးပေးတဲ့နေရာ
မေမေ ရောက်ဖူးချင်တဲ့ မြေကမ္ဘာ
ကျွန်တော်သိပ်သိတာပေါ့
မေမေဖူးတွေ့ချင်တဲ့ အံ့ဖွယ်ကိုးပါး ရွှေတိဂုံ
ညီလေးတွေထိတွေ့ချင်နေတဲ့ ဖက်ရှင်ပစ္စည်း
ဖေဖေပြောပြောနေတဲ့ မျိုးဆက်မြှင့်တင်ရေး
ကျွန်တော်ကတော့ ဒီမှာပွေးတယ်
အရေခွံ အထပ်ထပ်
နက်သတက်နက်လာသော အရေးအကြောင်း
ပြောင်းပြောင်းလာတဲ့ ရေစီးကြောင်းကဗျာ
ဒါမှမဟုတ်
ကျွန်တော့်တစ်ခုတည်းသော ယုံကြည်ရာ
ဆက်ရေးလို့မရတဲ့ အထာ.....
ကမ ၻာ။ ။
No comments:
Post a Comment