Thursday, November 8, 2012
ဒေါ်အောင်ဆန်းစုကြည်
http://www.myawady.com.mm/
http://www.bbc.co.uk/burmese/
http://www.myawady.com.mm/mwdtech/index.php
http://www.first-11.com/
လျှို့ဝှက်ချက်
စောစောက ရှည်လျားစွာ မပြောခဲ့ပေမယ့်
မင့်ကို ကိုယ်ချစ်တယ်။
နေရာတကာမှာ မင်းဟာ ကိုယ့်ရဲ့ ပီတိ၊
သီချင်းတိုင်းမှာ ကိုယ် ထည့်ဆိုတဲ့ အကြောင်းအရာ။
အလှတရား ပိုင်ဆိုင်ထားတဲ့ သူစိမ်းမျက်နှာကို
ကိုယ် မြင်တဲ့အခါ
လျှို့ဝှက်ကောင်းချီးလို
မင့်နာမည်ရဲ့ တည်ရှိမှုကို တပ်ပေးခဲ့မိတယ်။
တခြားသူတွေဆီမှာတွေ့တဲ့
မျက်နှာ ဒါမှမဟုတ် အသံရဲ့
နှစ်သက်စရာတွေအားလုံး တွေ့တဲ့အခါ
မင့်ဆီမှာ ကိုယ်ရွေးချယ်ခဲ့တဲ့
အလှတွေသတိရရဲ့။
Thursday, November 1, 2012
အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉
ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။
++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။
အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။
တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။
ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …
ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။
တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။
အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။
ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။
ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။
ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။
အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။
သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။
အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း
နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်း ( Universal Declaration of Human Rights ) ကို ၁၉၄၈ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ လက်မှတ်ထိုးအတည်ပြုခဲ့သည်။
လူ့အခွင့်အရေးကြေငြာစာတမ်း၏ အတိုချုပ်အဓိပ္ပါယ်မှာ -
အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။
အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။
အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။
အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။
အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။
အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။
အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။
အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။
အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။
အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။
အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။
အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်
အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။
အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့်
အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။
အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။
အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။
အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။
အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။
အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။
အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။
အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။
အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။
အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။
အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။
အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။
အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။
အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။
အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။
သွေမော်ကွန်း
အလံပြန်စိုက်မယ့်တစ်နေ့….ငါတို့…
သွေးမော်ကွန်း
မုတ်သုန်မိုးသည် တသည်းသည်း တဖွဲဖွဲ။
လေ အဝှေ့တွင် မိုးစက် မိုးပေါက်များက အတားအဆီး မရှိ။ လျှပ်ရောင် ဝင်းလိုက် မိုး ခြိမ်းလိုက်။
ဝင်းခနဲ၊ ဒိုင်းခနဲ။
“ဒိုင်း ဒိုင်း ဒိုင်း”
အသံများ ဆက်သွားသောအခါ ဝေါခနဲ ဝေါခနဲ။
သွေးစက် သွေးပေါက် သွေးအိုင်များ။
ဇူလိုင်လကား သွေးစွန်းခဲ့ပေပြီ။
+++ ++++
မြို့ကို မော်တော်ဆိုင်ကယ်စီး ရဲဘော်ဆက်သား ရောက်လာတယ်၊ ရန်ကုန်မှာ ဗိုလ်ချုပ်တို့ ကျဆုံးကုန်ပြီ တဲ့။ ရေဒီယိုကလည်း အသံလွှင့်တယ် တဲ့။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်။
+++ ++++
“ဟယ် – ဗိုလ်ချုပ်တို့ကို သေနတ်နဲ့ ပစ်တယ်တဲ့လား”
“မိုက်လိုက်တဲ့ကောင်တွေဟယ်”
“ကိုယ်ကျိုးတော့ နည်းပါပြီ”
++++ ++++
တောရွာများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများ မလုပ် ဖြစ်ကြပါ။ တရွာလုံးတော့ တိတ်ဆိတ် နေပါသည်။ ရွာဘုန်းကြီးလည်း ခပ်ဆိတ်ဆိတ်ပင် သီလ ပေးပါသည်။ ရွာပြန် ကောက်စိုက်သမများပင် ရွာသို့ ဆိတ်ဆိတ် ငြိမ်ငြိမ် ပြန်ဝင်လာကြသည်။
++++ +++++
ဂျူဗလီဟော ဈာပန အခမ်းအနားသို့ တောကြိုအုံကြား မကျန် လာရောက် အလေး ပြုကြသည်။ ပြည်သူ့ ရဲဘော်များကား အသံ အုပ်အုပ်ဖြင့် ပရိသတ်ကို ထိန်းနေကြသည်။ သူတို့ မျက်လုံးများကား နီရဲလျက်။
“ဗိုလ်ချုပ်အစား ငါ သေရမယ် ဆိုရင် သေရဲပါတယ်ကွာ”
++++ ++++++
ဝမ်းနည်း နေရုံနဲ့ မပြီးဘူး။ ဗိုလ်ချုပ်ကို ချစ်ရင် ဗိုလ်ချုပ် ပြောသလို လုပ်။ ဗိုလ်ချုပ် လမ်းစဉ်ကို မဖျက်ကြနဲ့။ အဓိက ရန်သူကို မျက်ခြေ မပြတ်ကြနဲ့။ ရဲဘော်များ ခေါင်းကို မတ်မတ် ထူလိုက်ကြသည်။ ကောက်စိုက်သမများ ထဘီ တိုတို ပြင်ဝတ်လိုက်ကြသည်။ ဘုန်းတော်ကြီးများ ဥပုသ် ဇရပ်တွင် လွတ်လပ်ရေး အကြောင်း ဟောပြောကြသည်။
+++++ ++++
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်
အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စု မြန်မာ နိုင်ငံတော်
+++++ +++++
ဆယ်စုနှစ် တစု ကျော် ခဲ့ပြီ
++++ ++++++
မုတ်သုန်မိုးသည် တသည်းသည်း။ တဖွဲဖွဲ။ လေအဝှေ့တွင် မိုးစက် မိုးပေါက်များက အတား အဆီး မရှိ။ လျှပ်ရောင် ဝင်းလိုက်။ မိုးခြိမ်းလိုက်။
ဝင်းခနဲ ဒိုင်းခနဲ။
“ဒိုင်း ဒိုင်း ဒိုင်း”
အသံများ ဆက်သွားသောအခါ ဝေါခနဲ ဝေါခနဲ။ ဒုန်းခနဲ ဝုန်းခနဲ။
သွေးစက် သွေးပေါက် သွေးအိုင်များ။
ကြေမွ စုပုံနေသော အုတ်ကျိုးများ စာအုပ်များ။
ဇူလိုင်လကား ထပ်မံ သွေးစွန်း ပြန်လေပြီ။
++++ +++++
တက္ကသိုလ် ကျောင်းသားတွေကို ကျောင်းဝင်းထဲ ဝင်ပြီး ပစ်သတ် ကြသတဲ့။ သေတဲ့သူ တစ်ရာ ကျော်သတဲ့။
သမဂ္ဂ အဆောက်အအုံကြီးကိုလည်း မိုင်းခွဲလိုက်သတဲ့။
တက္ကသိုလ်ကိုလည်း အကန့်အသတ် မရှိ ပိတ်လိုက်ပြီ တဲ့။
++++ +++++
ရေဒီယိုက အသံလွှင့်သည်။
ဓားကို ဓားချင်း လှံကို လှံချင်း တဲ့။ ဟယ် – မိုက်ရိုင်းလိုက်တာ။
ကျောင်းသားကလေးတွေကိုများ။ လွတ်လပ်ရေး သမိုင်းဝင် အဆောက်အအုံကြီးကိုများ။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်။
+++++ ++++++
တပြည်လုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများ မလုပ်နိုင်ကြပါ။ မလုပ်ဝံ့ကြပါ။ ကျောင်းသားများ တိတ်ဆိတ်စွာ အိမ်ပြန်ခဲ့ကြသည်။ မသေကောင်း မပျောက်ကောင်း သားသမီးများကို မိဘများက မျက်ရည်ဝဲပြီး ကြိုဆိုကြရသည်။
အားလုံး ညှိုးငယ် အံကြိတ်လျက်။
+++++ +++++
တိုင်းပြည် လွတ်လပ်ခဲ့ပေမယ့် ပြည်သူ ပြည်သားတို့ မလွတ်လပ်ခဲ့ နှိပ်စက် ညှင်းပန်းမှုများ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အဓမ္မ ခိုင်းစေမှုများ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုများ။
+++++ +++++
မျိုးဆက် တဆက် ကူးခဲ့ပြီ။
မျိုးဆက်ဟောင်းတို့ ခေတ်ကား သွေး လွှမ်းလျက်။ မျိုးဆက်သစ်တို့၏ခေတ်။ သွေးနှင့် မျက်ရည်တို့ စီးဆင်းဆဲ။
++++++ ++++++
သွေးခင်းလမ်းကို သွေးသစ်လောင်း ကြစို့။
မျက်ရည် မြန်မြန်သုတ် လုံချည် တိုတိုဝတ်။
ခေါင်းမော့ထား၊ ကမ္ဘာ မကြေဘူး။
ရှေ့ မှာ ဒုတိယအကြိမ် လွတ်လပ်လာမယ့် တို့ရဲ့ ဒီမိုကရေစီ နိုင်ငံတော်။ ။
ကြောက်စိတ်
အလံပြန်စိုက်မယ့်တစ်နေ့….ငါတို့…
ကြောက်စိတ်
ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေ မိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။
မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ မင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။
ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင် မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်…။
“ဟဲ့… ငလွင် မရသေးဘူးလား“ လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်း တင်လျှောက်ရတော့တယ်။
“ငလွင်…လာခဲ့“ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသားအားလုံးရဲ့
နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
“ဟဲ့…ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက် ပြားတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင် တော့မှာလဲ“ လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်၊ အဖြေလွှာ တွေကို စားပွဲပေါ်
ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်း ပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။
“ဒါ မင်းအဖြေလား“
“ဟုတ်ပါတယ် ဆရာ၊ အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း“
နည်းနည်းအံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှု ဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊
ပြီးတော့ ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ
အမာရွတ်ထင်အောင် ရိုက်က်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ်အောင် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာ ကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊
အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊
အဲဒီလိုတွေ ဖြေထားတာဗျ။
တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကြိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါပဲ။
ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။
“မင်း ငါ့ကို နောက်တာလား“
“ဟာ…မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ“
“ကဲ…အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ…မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား“
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်း သားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။
ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး
လိုလိုလည်း ကျွန်တော့်လိုပဲ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။
“ဟေ့ကောင်…ဖြေလေကွာ“
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
“ဖြေလေကွ“
အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာကမှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံးလို့ ပြောပြီးသား ဖြစ်နေပါပြီ။
ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။
သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှား…၊ အဲ…မှားပါတယ် နောက်တစ်ယောက် မှားပါတယ်၊
….အဲ…တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။
ကျွန်တော် ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊။ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။
ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက် ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါ တယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ…။ ခက်ထန်တဲ့ အမူအရာတွေ။
အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော် ဘာမှ မပြောရဲဘူး။
အပြုဘက်က မြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်နဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။
ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။ သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။
ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့
ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။
ကျွန်တော့်အထက်အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ်ထင်လာကြရင်ဖြင့်… ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။
ဒါပေမဲ့ ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။ သူ့အမေ လက်ထဲမှာ တုတ် တစ်ချောင်းနဲ့…။
“ဘယ်လိုဖြစ်နေကြတာလဲကွာ“
“ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ“
“ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ…“
“တော်… စာအုပ်ထဲကဟာတွေ လာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့်ဝင်ငွေက
ဘယ်လောက်…“
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်…။
(မကြောက်သင့်တာကို မကြောက်ကြပါစို့ရယ်…။)
စစ်အာဏာရှင်စနစ်အောက်က ကျွန်ပညာရေးအကြောင်း တစေ့တစောင်း တိုးတက်နေတဲ့ ပညာခေတ်ထဲက ပညာတတ် မြန်မာအမျိုးသမီးများရဲ့ အကျဉ်းချခံရမှု
စစ်အာဏာရှင်စနစ်အောက်က ကျွန်ပညာရေးအကြောင်း တစေ့တစောင်း
တိုးတက်နေတဲ့ ပညာခေတ်ထဲက ပညာတတ် မြန်မာအမျိုးသမီးများရဲ့
အကျဉ်းချခံရမှု
မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့ PRIVATE SCHOOL ရဲ့လိမ်ညာမှုပါ။ Private School တွေဖွင့်တော့ M.Sc M.Aရထားတဲ့ မိန်းကလေးတော်တော်များများဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစိ study guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကိုဖတ်ခဲ့ရလို့ပါ။
အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအ၀ငိဖြစ်ခဲ့ပါတယ်။ ကျွန်မကM.Sc ၇ထားတဲံသူကိုး။ မဟာမြကျွန်းသာ (MMAC)ဆိုတဲ့ ကျောင်းက M.Sc M.Aတွေကိုဆရာမအဖြစ် study guide အဖြစ်ခေါ်ပါတယ်။ ကျွန်မလဲ ၀င်လျှောက်ဖြစ်ပါတယ်။
ဆရာမအဖြစ်အရွေးခံရပါတယ်။ အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့ အရမ်းအထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာစားစရာပေးပြီး လစာကို ၄၅၀၀၀ မှ ၈၀၀၀၀ ထိပေးမယ်လို့ပြောခဲ့ပါတယ်။
ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့ မိန်းကလေးတွေအတွက်တော့ မဟာ့မဟာအခွင့်အရေးပါပဲ။ ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။အလုပ်လျှောက်လွှာကို လက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။
မူကြိုကလဲ စင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့ အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။ မူကြိုတောင် ဒီလောက်အဆင့်မြင့်ရင် private school ကပိုတောင် သားနားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ ပဲကျွန်မအရွေးခံ ၇ပါတယ်။ အလုပ်အတွက် စာချုပ် ချုပ်ရမယ်လို့ပြောပါတယ်။
တလကို ၄၅၀၀၀ နဲ့ ၃နှစ်စာချူပ်ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့အချက်တွေသာ ပါပြီး သင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။ စာချူပ်ချူပ်ပြီးတာနဲ့ မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။
အဲဒီမှာစပြီးတွေ့ တာပါပဲ။ ပေ ၁၀၀ပတ်လည်တောင်မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက်၂လုံး ၊ဂိုထောင်လိုလို အခန်း၂ခန်း၊ စာသင်ဆောင်၂ခုနဲ့ ရေကန်၁ကန်တွေ့ရပါတယ်။
နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ ဂိုထောင်လိုလိုအခန်းကတော့ ဆရာမများအတွက်ဖြစ်ပါတယ်။ ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။ မိုးတွင်းရောက်ရင် ခုတင်ခြေထောက်ထိ ရေမြုပ်တဲ့အခန်းတွေပါ။
ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကို အောက်မှာဆက်ရေးထားပါတယ်။
(၁)တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂)ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃)MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄)မိမိမိသားစုအသိုင်းအ၀ိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅)သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
(၆)ညဘက်ရေတင်တာကိုအလှည့်ကျစောင့်ရပါတယ်။(ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ
(၇)ကျောင်းသူများရဲ့အခန်းကိုroom service ၀င်ပေးရပါတယ်။
(၈)ဂိတ်ပေါက်စောင့်ရပါတယ်။
(၉)ဆရာမများတနေ့ကို ရေတခါပဲချိုးရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ ရေချိုးရတဲ့နေရာကိုပြောပြပါမယ်။
လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြား လူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။ လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်မှာ ရေကတစ်တောင်လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။
မျက်နှာသစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံးမိုးတွင်းက လွဲလို့ ကျန်တဲ့အချိန်တွေမှာ ဒီလိုပဲသုံးရပါတယ်။
ဒါဟာလိမ်ညာမှုပါပဲ။
ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိုးတွေပါ။ ဆရာမဆိုတဲ့နာမည်တပ်ပြိးအိမ်ဖော်လုပ်ချုင်းတာပါ။
စာချုပ်မှာ မပါတဲ့အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကိုကြောက်လို့ မထွက်ရဲတဲ့သူတွေ အများကြီးပါ။ မဟာမြကျွန်းသာဆိုတဲ့ ဒီ private schoo l ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြု ထားတာ ပြည်တွင်းလူကုန်ကူးမှုလို့ တောင်ပြောလို့ ၇ပါတယ်။
တိုးတက်နေတဲ့ နည်းပညာခေတ်ကြိးထဲမှာသတင်းစာမဖတ်ရဆိုတာတော်တော် ဆိုးဝါးတဲ့အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လဲ ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေကိုတော့ ကောင်းကောင်းထားပြီး ပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊ အလုပ်သမာ) ကိုတော့ဖိနှိပ်ထားတာ အရင်းရှင်စနစ်ကို ကျင့်သုံးတာပါပဲ။
အရမ်းကောင်းပြီး အဆင့်မြင့်ပါတယ်လို့ နာမည်ကြီးနေတဲ့မဟာမြကျွန်းသာ privateschool ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိပါစေနဲ့။
အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကိုပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
အလံပြန်စိုက်မယ့်တစ်နေ့….ငါတို့… မြန်မာပြည်သားများနှင့် စင်ကာပူ
ပြီးခဲ့တဲ့ Oct 5 ရက်နေ့က စင်ကာပူထုတ် THE NEW PAPER သတင်းစာထဲမှာ မြန်မာ Home Maid တစ်ယောက် Facebook ပေါ်မှာ အတွင်းခံဘရာနဲ့ ဓာတ်ပုံတင်ထားတွေ့လို့ အလုပ်အဖြုတ်ခံရတယ် ဆိုတဲ့သတင်းတစ်ပုဒ်ပါလာပါတယ်။
သူမဟာ အသက် ၂၂ နှစ်သာရှိသေးပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ၂၀၀၆ ခုနှစ်မှာဘွဲ့ရထားတယ်လို့ဆိုပါတယ်။ဖြစ်ပုံက သူမဟာ အိမ်ရှင်ရဲ့ ၁၂ နှစ်အရွယ် သားဖြစ်သူထံက ဖုန်းကိုယူပြီး Saxy ပုံများကို ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။Saxy ပုံဆိုပေမယ့် အပေါ်က ဘရာနဲ့ အောက်ကဂျင်းဘောင်းဘီနဲ့ နှစ်ပုံ၊ ညအိပ်ဝတ်စုံနဲ့ တစ်ပုံကိုမှန်ရှေ့မှာ ရိုက်ယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘရာဝတ်ရိုက်ထားတာဖြစ်ပြီး Naked ပုံမပါဘူးလို့ ဆိုပါတယ်။သိသိချင်းသူမကို အေးဂျင့်ဆီပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန်လကလည်း ၂၆ နှစ်အရွယ် မနီနီလို့ခေါ်တဲ့ မြန်မာ Home Maid တစ်ယောက်ကိုလဲ သူမရဲ့ ဖုန်းထဲမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံတွေတွေ့လို့ မြန်မာပြည်ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေဟာ စင်ကာပူရောက်မြန်မာတွေ အတွက်အရှက်ရစရာဖြစ်သလို၊ သိက္ခာကျစရာလည်းဖြစ်ပါတယ်။ပြီးတော့ တခြားကောင်းကောင်းမွန်မွန်နေတဲ့ မိန်းကလေးများအတွက် မျက်နှာပျက်စရာဖြစ်ပါတယ်။ များသောအားဖြင့် မြန်မာတွေဆိုရင် ကျန်တဲ့နိုင်ငံသားတော်တော်များများက မကျေနပ်ကြပါဘူး။ အနေမှန်တယ်၊ အလုပ်ကြိုးစားတယ်။ ဒါကြောင့် အထက်လူကြီးက မြန်မာမဟုတ်ပဲ မြန်မာတွေနေရာကောင်းရကြပါတယ်။ စင်ကာပူရဲ့ Red Light Area လိုနေရာမျိုးမှာတောင် မြန်မာမရှိတဲ့ အတွက်ဂုဏ်ယူရပါတယ်။ဒီသတင်းပေါ်လာတဲ့ အခါမှာတော့ သတင်းစာ ယူလာပြီးလာပြတဲ့ သူတွေ မနဲပါဘူး။ မြန်မာတွေ ဒီလိုဖြစ်နေတာ ဝမ်းသာတဲ့ ပုံစံနဲ့ပါ။ ထီပေါက်တဲ့ သတင်းမဟုတ်ဘူးလို့တောင် ပြန်ပြောရပါတယ်။ဒီပုံတွေကိုတွေ့တာက အိမ်ရှင်ရဲ့ သူငယ်ချင်းက တွေ့တာလို့ပြောပါတယ်။ ‘‘lover of freedom’’ နဲ့ ‘‘ trouble_maker ’’ အကောင့်နှစ်ခုထဲကတွေတာလို့ပြောပါတယ်။ဒါပေမယ့် သတင်းစာထဲမှာ ရေးထားတာက သူတို့ဝင်ကြည့်တာတော့ ပုံတွေကိုမတွေ့တော့ပဲ သူမကိုယ်တိုင်ဖျက်လိုက်တာလား ဒါမှမဟုတ် setting ပဲချိန်းလိုက်တာလား မရှင်းလင်းဘူးလို့ဆိုပါတယ်။
ထားလိုက်ပါ။ပြောချင်တာက ဒီသတင်းစာနဲ့ စင်ကာပူရဲ့ မြန်မာပြည်သူတွေပေါ်ထားတဲ့ သဘောထားပါ။ စင်ကာပူဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ အပြင် ပူနွေးစိုစွတ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မိန်းကလေးတိုင်းလိုလို လွတ်လွတ်လပ်လပ်ဝတ်ဆင်ကြတာ အားလုံးအသိပါပဲ။ အပေါ်မှာအင်္ကျီဝတ်ထားပေမယ့် အသားပါးတာတွေဝတ်တာကြောင့် အတွင်းခံအဝတ်အစားဆိုတာ မမြင်ချင်မှ အဆုံးပါပဲ။ လူလယ်ခေါင်မှာလဲ ဒီလိုပဲ သွားလာနေကြတာပါပဲ။ ဒါကို မိန်းကလေးတစ်ယောက် Sexy ပုံ Facebook ပေါ်တင်တာ ရေးကြီးခွင်ကျယ်လုပ်နေရအောင် သူ့နိုင်ငံ ဘယ်လောက်တောင် ယဉ်ကျေးမှုရှိနေလို့လဲ မသိပါဘူး။ သတင်းစာထဲထည့်ရလောက်တဲ့ သတင်းလဲမဟုတ်ပါဘူး။အဓိကဖြစ်ရတဲ့အကြောင်းရင်းက ပိုင်ရှင်ရဲ့ ကွန်ပျူတာကို မသိပဲယူသုံးတာ ဒါမှမဟုတ် အခြားပြဿနာတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ စင်ကာပူရဲ့ သတင်းစာတိုင်းလိုလိုမှာ ဓာတ်ပုံပါတဲ့သူဟာ ကောင်းသတင်းမဟုတ်ရင် (ဥပမာ..မုဒိန်းမှု ၊ ခိုးမှု…) မျက်လုံးကို ဒါမှမဟုတ် မျက်နှာကို ဖျက်ပေးထားနေကြပါ။ စင်ကာပူမင်းသမီးတစ်ယောက်ရဲ့ Sex Video အင်တာနက်ပေါ်ပြန့်နေတုန်းကဆိုရင် သတင်းထဲပါလာပေမယ့် မျက်လုံးကိုဖျက်ပေးထားတဲ့ အပြင် ဝက်ဘ်ဆိုဒ်လိပ်စာတွေပါ ဖျက်ထားပါတယ်။ ခု Sexy ပုံကျတော့ မျက်နှာကိုဖျက်ပေးမထားတဲ့အပြင် Facebook လိပ်စာတွေကိုပါထည့်ပေးထားတာဟာ မြန်မာတွေကို သိက္ခာချနေကြောင်း သိသာစေတဲ့ အချက်ပါ။ ပြီးတော့ ရိုက်ထားတဲ့ပုံတွေဟာ စင်ကာပူတစ်နိုင်လုံးက ကြေငြာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး။ လွန်ခဲ့တဲ့ ၃။ ၄ နှစ်လောက်က စင်ကာပူနဲ့ မြန်မာဘောလုံးပွဲမှာ မြန်မာ အသင်းသားတွေနဲ့ စင်ကာပူအသင်းသား၊ နည်းပြတွေနဲ့ ပြဿနာဖြစ်ခဲ့တာတွေကို ခုချိန်ထိပြသပြီး မြန်မာတွေမိုက်ရိုင်းတယ် မပြောရုံတစ်မယ် လုပ်နေတာတွေဟာ စင်ကာပူမီဒီယာတွေရဲ့ သဘောထားမကြည်လင်မှုတွေကို တွေ့ရပါတယ်။ ပြီးတော့ Sex Shop တွေကိုတောင် တရားဝင်ဖွင့်ပေးထားတဲ့ နိုင်ငံက ဒီလိုပုံကိစ္စကို သတင်းစာထဲထည့်တာဟာ အံ့ ဩစရာဖြစ်တဲ့အပြင် မြန်မာတွေအပေါ် ဘယ်လောက်အမြင်မကြည်လင်ဘူးလဲ ဆိုတာ သိသာတဲ့အချက်တွေပါပဲ။
ဆုံမှတ်
အမေ…
နေကောင်းပါရဲ့လား အမေ…
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ…
ရှိပါတယ်အမေ…
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်…
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ…
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ…
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ…
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် – ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ …
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
Subscribe to:
Posts (Atom)