CDMA 800 MHz ဖုန်းများကို ငွေကျပ် ၁,၅၀၀ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ
တစ်ဆင့် ဧပြီလ ၂၄ ရက်နေ့တွင် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုနိုင်ရန်အတွက်
ငွေကျပ် ၃၀၀ လည်း ထည့်သွင်းထားကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဧပြီလ ၃ ရက်နေ့က
ထုတ်ပြန်ကြေညာသည်။
အဆိုပါ CDMA 800 MHz စနစ် မိုဘိုင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို လိုင်း
အင်အား သုံးသိန်းခွဲဖြင့် ခွဲဝေရောင်းချသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသာမက နိုင်ငံရပ်ခြားကိုပါ
ဆက်သွယ် ခေါ်ဆိုနိုင်သည်။
CDMA 800 MHz စနစ် စက်ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိသည့် နေရာများတွင် WCDMA 3G
ဖုန်းများကို အစားထိုးချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံ နေရာအနှံ့မှာတော့ CDMA 800 MHz Network တွေ ရှိပါတယ်။ ချင်းပြည်နယ်မှာ
ဆိုရင် CDMA 800 MHz Network မရှိတော့ WCDMA ကို အစားထိုးချပေးသွားမှာပါ"ဟု မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဋ္ဌေးဝင်းက ပြောသည်။
ဖုန်းခေါ်ဆိုခကို ကျပ် ၅၀ သာ သတ်မှတ်ထားကြောင်း အ၀င်ပြောဆိုမှုကို ကောက်ခံသွားရန်
အစီအစဉ်မရှိ ကြောင်း ၎င်းက ပြောသည်။
နိုင်ငံပိုင်မီဒီယာများတွင် "ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန်
ရည်ရွယ်၍ ရောင်းချခြင်းဖြစ်ပါသဖြင့် ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ ရက် အတွင်း
တယ်လီဖုန်း SIM ကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ကျပ် ၃၀၀
မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ကျပ် ၅,၀၀၀ တန် ကြိုတင် ငွေဖြည့်ကတ်ဖြင့်
ငွေဖြည့်သုံးစွဲရပါမည်။ ဖုန်းကတ်အား အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ
ကာကွယ်ရန်အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလို
အလျောက် လိုင်းပိတ်သွားမည်ဖြစ်ပါသည်"ဟုပါရှိသည်။
ထို့နောက် စက်ပစ္စည်းတန်ဖိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များ ကို တယ်လီဖုန်းပြောဆိုခများမှ
ပြန်လည်စုစည်း ကောက်ခံရရှိမည် ဖြစ်သဖြင့် ၎င်းတန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်
ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂,၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊
နှစ်လပြည့်သော်လည်း ကြိုတင် ငွေဖြည့်ကတ်မှ ကျပ် ၅,၀၀၀ ကို အပြည့်မသုံးစွဲပါက အလို
အလျောက် ကျပ် ၅,၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်း SIM ကတ်တွင် ဖြည့်သွင်းထားသည့် ငွေကုန်ဆုံး ပြီးနောက် ၁၅ ရက်အတွင်း ငွေ
ထည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်
ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်ပြန်ကြေညာသွားသည်။
မြို့တွင်း သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသိန်းထွန်း က "ထွက်လာရင် ကျွန်တော်ဝယ်မယ်။
နောက်ပြီး ကျွန်တော်တို့ က ညမှအလုပ်လုပ်ရတာဆိုတော့ အိမ်နဲ့အဆက်အသွယ်ရအောင် အိမ်
အတွက်တစ်လုံး၊ ကျွန်တော်တစ်လုံး ၀ယ်ပြီးကိုင်မယ်။ နောက် ကျွန်တော်က ရခိုင်ဆိုတော့ ရခိုင်က
ကျွန်တော့်အစ်ကိုကိုလည်း ဖုန်းဆက်ချင်တယ်။ အခုလိုထွက်တော့ ကျွန်တော်တို့အတွက် အဆင်
ပြေသွားတာပေါ့"ဟု ပြောသည်။
လူကြီးမင်းမိုဘိုင်းဆိုင်မှ ဒါရိုက်တာ ကိုရန်နိုင်စိုးမြင့်က "အခု ချပေးတဲ့ဖုန်းတွေက အရင်ရောင်းပုံမျိုး
နဲ့ မတူလောက်ဘူး။ ကျွန်တော်တို့ အပြင်ဆိုင်တွေကို ချပေးမယ့်ပုံမဟုတ်ဘူး။ ဟန်းဆက်တွေကို
တော့ ကျွန်တော်တို့ ပုံမှန်ရောင်းချသွားမှာပါ"ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့နောက် အနှေးယာဉ်မောင်းဖြစ်သူ ကိုရန်နိုင်လွင်က "အခုလို တန်ဖိုးနည်း SIM ကတ်တွေ ထွက်
လာမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော် ကြိုမှာလို့ရရင် ကြိုမှာထားချင်ပါတယ်။
နောက်ပြီး နိုင်ငံခြားမှာဆိုရင် ဖုန်လေးကိုင်ကာကိုင်ကာနဲ့ အခုလို တန်ဖိုးနည်း SIM ကတ်တွေ
ထွက်မယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းတာပေါ့။ ကျွန်တော့်အိမ်က ကျွန်တော့်
ညီမလေးကိုလည်း ၀ယ်ပေးမယ်"ဟု ပြောသည်။
Mobile King မှ တာဝန်ရှိသူတစ်ဦးက "အဲဒီတန်ဖိုးနည်း SIM ကတ်တွ ထွက်လာရင် ဖုန်းတွေကို
သက်သက်သာသာနဲ့ ရောင်းချပေးမယ်။ ဖုန်းတွေကို အရစ်ကျရောင်းချဖို့တော့မရှိဘူး။ တန်ဖိုးနည်း
ဟန်းဆက်တွေ တစ်သောင်းတန်တွေ၊ နှစ်သောင်း တန်တွေတော့ ရှိတယ်။ တရုတ်အမျိုးအစား
တစ်သောင်းတန်၊ နှစ်သောင်းတန်ဆိုရင်တော့ function တွေတော့ စုံပါတယ်။ Huawei
ဟန်းဆက်တွေဆိုရင် လေးသောင်း၊ ငါးသောင်းတန်ဆိုရင် တော်တော် function စုံပါတယ်။
Samaung ဟန်းဆက် တွေကတော့ တစ်သောင်း နှစ်သောင်းတန်ဆိုရင်တော့ ဖုန်းပဲပြောလို့ရမယ်"
ဟု ပြောသည်။
GSM 2.75 နှင့် WCDMA 3G ဖုန်းများကို နောက်လတွင် ရောင်းချသွားမည်ဖြစ်ပြီး အသေးစိတ်ကို
ထပ်မံကြေညာသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃-၁၄ ခုနှစ်တွင် လိုင်အင်အား ရှစ်သန်း၊ ၂၀၁၄-၁၅ တွင်
လိုင်အင်အား ၁၈ သန်း တိုးချဲ့တပ်ဆင်သွားရန် လျာထားကြောင်း ထုတ်ပြန်သည်။
No comments:
Post a Comment