ဟူး . . .
ခဏခဏပြုမူမိတဲ့
သက်ပြင်းချသံတွေထဲမှာ
နှလုံးသားဆီက ပွင့်အန်လာတဲ့
စာနာမှုတွေ တစ်ထွေးကြီးပါလာလေရဲ့။
ပြီးပါပြီလို့ စာတမ်းမထိုးမချင်း
အနိမ့် အမြင့် အတက် အကျ
အနိုင် အရှုံး အကွေ့ အဝိုက် တွေကြားမှာ
ရင်တသိမ့်သိမ့်ခုန်နေရတယ်။
မျက်စိမှိတ်ထားတာ မမြင်ရက်လို့
နားပိတ်ထားတာ မကြားဝံ့လို့
နှုတ်ဆိတ်ထားတာ မပြောချင်လို့
ဒါပေမဲ့ ဖုံးဖိလို့မရတဲ့ နှလုံးသားတစ်စုံက
မာယာကြောမှာ တွ့န်တွန့်လူးပေါ့။
အိပ်မရတာ မဟုတ်ဘူး
အိပ်မက်ဝင်္ကပါက လန့်နိုးလာတာ
ဆက်မအိပ်ရဲဘူး
ခြောက်ခြားစရာအိပ်မက်တွေက
မသေမချင်း ထိုးသတ်
အညွှန့်တုံးအောင် ကွက်မျက်မှာစိုးတယ် . . .
သေချာတယ်
အလဲထိုးခံရမဲ့ အိပ်မက်ကြိုးဝိုင်းထဲမှာ
အိပ်စက်ခြင်းဆိုတာ ဘယ်လိုမှ ရမှာမဟုတ်တော့ဘူး။
ငါတို့ဟာ ယုံကြည်မှုတွေ မတူဘူး
ရည်မှန်းချက်တွေ မတူဘူး
လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းတွေ မတူဘူး
မျှော်လင့်ခြင်းတွေ မတူဘူး
ခံစားမှုတွေလည်း မတူဘူး
အို. . . ဘာဆိုဘာမှ မတူဘူး
တူအောင်လည်း မကြိုးစားခဲ့ဘူး
တူနေဖို့မှမလိုတာ
ဖြူစင်ဖို့ပဲလိုတာလေ။
No comments:
Post a Comment