Thursday, November 1, 2012
သွေမော်ကွန်း
အလံပြန်စိုက်မယ့်တစ်နေ့….ငါတို့…
သွေးမော်ကွန်း
မုတ်သုန်မိုးသည် တသည်းသည်း တဖွဲဖွဲ။
လေ အဝှေ့တွင် မိုးစက် မိုးပေါက်များက အတားအဆီး မရှိ။ လျှပ်ရောင် ဝင်းလိုက် မိုး ခြိမ်းလိုက်။
ဝင်းခနဲ၊ ဒိုင်းခနဲ။
“ဒိုင်း ဒိုင်း ဒိုင်း”
အသံများ ဆက်သွားသောအခါ ဝေါခနဲ ဝေါခနဲ။
သွေးစက် သွေးပေါက် သွေးအိုင်များ။
ဇူလိုင်လကား သွေးစွန်းခဲ့ပေပြီ။
+++ ++++
မြို့ကို မော်တော်ဆိုင်ကယ်စီး ရဲဘော်ဆက်သား ရောက်လာတယ်၊ ရန်ကုန်မှာ ဗိုလ်ချုပ်တို့ ကျဆုံးကုန်ပြီ တဲ့။ ရေဒီယိုကလည်း အသံလွှင့်တယ် တဲ့။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်။
+++ ++++
“ဟယ် – ဗိုလ်ချုပ်တို့ကို သေနတ်နဲ့ ပစ်တယ်တဲ့လား”
“မိုက်လိုက်တဲ့ကောင်တွေဟယ်”
“ကိုယ်ကျိုးတော့ နည်းပါပြီ”
++++ ++++
တောရွာများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများ မလုပ် ဖြစ်ကြပါ။ တရွာလုံးတော့ တိတ်ဆိတ် နေပါသည်။ ရွာဘုန်းကြီးလည်း ခပ်ဆိတ်ဆိတ်ပင် သီလ ပေးပါသည်။ ရွာပြန် ကောက်စိုက်သမများပင် ရွာသို့ ဆိတ်ဆိတ် ငြိမ်ငြိမ် ပြန်ဝင်လာကြသည်။
++++ +++++
ဂျူဗလီဟော ဈာပန အခမ်းအနားသို့ တောကြိုအုံကြား မကျန် လာရောက် အလေး ပြုကြသည်။ ပြည်သူ့ ရဲဘော်များကား အသံ အုပ်အုပ်ဖြင့် ပရိသတ်ကို ထိန်းနေကြသည်။ သူတို့ မျက်လုံးများကား နီရဲလျက်။
“ဗိုလ်ချုပ်အစား ငါ သေရမယ် ဆိုရင် သေရဲပါတယ်ကွာ”
++++ ++++++
ဝမ်းနည်း နေရုံနဲ့ မပြီးဘူး။ ဗိုလ်ချုပ်ကို ချစ်ရင် ဗိုလ်ချုပ် ပြောသလို လုပ်။ ဗိုလ်ချုပ် လမ်းစဉ်ကို မဖျက်ကြနဲ့။ အဓိက ရန်သူကို မျက်ခြေ မပြတ်ကြနဲ့။ ရဲဘော်များ ခေါင်းကို မတ်မတ် ထူလိုက်ကြသည်။ ကောက်စိုက်သမများ ထဘီ တိုတို ပြင်ဝတ်လိုက်ကြသည်။ ဘုန်းတော်ကြီးများ ဥပုသ် ဇရပ်တွင် လွတ်လပ်ရေး အကြောင်း ဟောပြောကြသည်။
+++++ ++++
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်
အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စု မြန်မာ နိုင်ငံတော်
+++++ +++++
ဆယ်စုနှစ် တစု ကျော် ခဲ့ပြီ
++++ ++++++
မုတ်သုန်မိုးသည် တသည်းသည်း။ တဖွဲဖွဲ။ လေအဝှေ့တွင် မိုးစက် မိုးပေါက်များက အတား အဆီး မရှိ။ လျှပ်ရောင် ဝင်းလိုက်။ မိုးခြိမ်းလိုက်။
ဝင်းခနဲ ဒိုင်းခနဲ။
“ဒိုင်း ဒိုင်း ဒိုင်း”
အသံများ ဆက်သွားသောအခါ ဝေါခနဲ ဝေါခနဲ။ ဒုန်းခနဲ ဝုန်းခနဲ။
သွေးစက် သွေးပေါက် သွေးအိုင်များ။
ကြေမွ စုပုံနေသော အုတ်ကျိုးများ စာအုပ်များ။
ဇူလိုင်လကား ထပ်မံ သွေးစွန်း ပြန်လေပြီ။
++++ +++++
တက္ကသိုလ် ကျောင်းသားတွေကို ကျောင်းဝင်းထဲ ဝင်ပြီး ပစ်သတ် ကြသတဲ့။ သေတဲ့သူ တစ်ရာ ကျော်သတဲ့။
သမဂ္ဂ အဆောက်အအုံကြီးကိုလည်း မိုင်းခွဲလိုက်သတဲ့။
တက္ကသိုလ်ကိုလည်း အကန့်အသတ် မရှိ ပိတ်လိုက်ပြီ တဲ့။
++++ +++++
ရေဒီယိုက အသံလွှင့်သည်။
ဓားကို ဓားချင်း လှံကို လှံချင်း တဲ့။ ဟယ် – မိုက်ရိုင်းလိုက်တာ။
ကျောင်းသားကလေးတွေကိုများ။ လွတ်လပ်ရေး သမိုင်းဝင် အဆောက်အအုံကြီးကိုများ။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်။
+++++ ++++++
တပြည်လုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားများ မလုပ်နိုင်ကြပါ။ မလုပ်ဝံ့ကြပါ။ ကျောင်းသားများ တိတ်ဆိတ်စွာ အိမ်ပြန်ခဲ့ကြသည်။ မသေကောင်း မပျောက်ကောင်း သားသမီးများကို မိဘများက မျက်ရည်ဝဲပြီး ကြိုဆိုကြရသည်။
အားလုံး ညှိုးငယ် အံကြိတ်လျက်။
+++++ +++++
တိုင်းပြည် လွတ်လပ်ခဲ့ပေမယ့် ပြည်သူ ပြည်သားတို့ မလွတ်လပ်ခဲ့ နှိပ်စက် ညှင်းပန်းမှုများ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အဓမ္မ ခိုင်းစေမှုများ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုများ။
+++++ +++++
မျိုးဆက် တဆက် ကူးခဲ့ပြီ။
မျိုးဆက်ဟောင်းတို့ ခေတ်ကား သွေး လွှမ်းလျက်။ မျိုးဆက်သစ်တို့၏ခေတ်။ သွေးနှင့် မျက်ရည်တို့ စီးဆင်းဆဲ။
++++++ ++++++
သွေးခင်းလမ်းကို သွေးသစ်လောင်း ကြစို့။
မျက်ရည် မြန်မြန်သုတ် လုံချည် တိုတိုဝတ်။
ခေါင်းမော့ထား၊ ကမ္ဘာ မကြေဘူး။
ရှေ့ မှာ ဒုတိယအကြိမ် လွတ်လပ်လာမယ့် တို့ရဲ့ ဒီမိုကရေစီ နိုင်ငံတော်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment